ဆီးကြိတ်ကင်ဆာ
အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာအုပ်စုထဲက တစ်ခုဖြစ်တဲ့ ဆီးကြိတ်ကင်ဆာဟာ ဘယ်လိုအကြောင်းအရင်းတွေကြောင့် ဖြစ်ပေါ်ရတယ်ဆိုတာကို မရှင်းလင်းနိုင်သေးပါဘူး။ ဆီးကြိတ်အတွင်းရှိ ဆဲလ်များရဲ့ DNA ပြောင်းလဲခြင်းကြောင့် ဆဲလ်တို့ရဲ့ ကြီးထွားမှု၊ ဆဲလ်ကွဲမှု၊ ဆဲလ်များ၏ပုံသဏ္ဍာန်များ ကမောက်ကမဖြစ်ကာ ဆီးကြိတ်ကင်ဆာဖြစ်လာရတယ်လို့ ဆရာဝန်များက ယူဆထားကြပါတယ်။ ဒီလိုမူမမှန်တဲ့ ဆဲလ်အစုအဖွဲ့က ဆီးကြိတ်မှာ ကင်ဆာအကြိတ်ဆိုပြီး ဖြစ်ပေါ်လာစေပါတယ်။
ဆီးကြိတ်ကင်ဆာဟာ စတင်ဖြစ်ခါစကာလတွေမှာ လက္ခဏာမပြသေးဘဲ သက်တမ်းရင့်လာတဲ့အခါမှသာ ဆီးသွားရ အခက်တွေ့ခြင်း၊ ဆီးလုံး အားသေးခြင်း၊ ဆီးနဲ့ သုတ်ရည်မှာ သွေးပါခြင်း၊ အရိုးအဆစ်များ နာကျင်ခြင်း၊ အကြောင်းပြချက်မရှိ ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းခြင်း၊ လိင်အင်္ဂါမထောင်မတ်နိုင်တော့ခြင်း စတာတွေ ခံစားရတတ်ပါတယ်။
ဖြစ်နိုင်ချေရှိသောသူများ
အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာ ဝေဒနာကို ခံစားရနိုင်ခြေရှိသူတွေကတော့
- အသက် ၅၀ နောက်ပိုင်း
- မိသားစုဝင်ထဲမှာ ဆီးကြိတ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်တဲ့သူရှိလျှင်
- အဝလွန်သူများ
- လူမည်းများ စသည့် ပုဂ္ဂိုလ်တွေပါပဲ။
ဆီးကြိတ်မှာ ကင်ဆာရှိ/မရှိ စစ်လေ့ရှိတဲ့ထဲမှ သွေးတွင်း PSA အကြောင်း
Prostate Specific Antigen လို့ခေါ်တဲ့ ဆီးကြိတ်ရဲ့ ကျန်းမာတဲ့ ဆဲလ်တွေရော ကင်ဆာဆဲလ်တွေကပါ ထုတ်ပေးတဲ့ အသားဓာတ်တစ်မျိုးဖြစ်ပါတယ်။ အများစုက သုတ်ရည်ထဲမှာ ပါတတ်ပြီး ပမာဏအနည်းငယ်က သွေးထဲမှာ ပါရှိပါတယ်။ PSA ပမာဏကို တိတိကျကျ ဖြတ်တောက်သတ်မှတ်တာမျိုး မရှိဘဲ အကြမ်းအားဖြင့်
- 4ng/ml အောက်ဆိုရင် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ချေ နည်းတယ်။ သို့သော် မရှိကြောင်း တပ်အပ်ပြောလို့မရတဲ့အတွက် အသားစစစ်ဆေးမှုနဲ့ အတည်ပြုဖို့လိုပါသေးတယ်။
- 4-10 ng/ml ဆိုရင် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ချေ လေးပုံတစ်ပုံ ရှိပါတယ်။
- 10 ng/ml ကျော်ရင်တော့ ရာခိုင်နှုန်း ၅၀ ကျော်ဖြစ်နိုင်ချေရှိနေပါပြီ။
ဆီးကြိတ်ကင်ဆာ မဟုတ်ပါဘဲ PSA ပမာဏ များနိုင်၊ နည်းနိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။
ဆီးကြိတ်ကြီးခြင်း၊ ဆီးကြိတ်ယောင်ယမ်းခြင်း၊ အသက်ကြီးသူများ၊ လက်တလော သုတ်လွှတ်ထားချိန်၊ စက်ဘီးစီးခြင်း (စက်ဘီးခုံသည် ဆီးကြိတ်ကို ဖိအားသက်ရောက်တဲ့အတွက် PSA ယာယီ မြင့်တက်သည်ဟုဆို) ၊ ဆေးဝါးအချို့(ကျားဟော်မုန်းအားဆေးများ)၊ တချို့သော ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးစမ်းသပ်ချက်များ (အသားစယူခြင်း၊ စအိုကို လက်ဖြင့် စမ်းသပ်ခြင်း) စတဲ့ အချက်များဟာလည်း PSA ပမာဏကို မြင့်တက်စေနိုင်ပါတယ်။
PSA နည်းနေစေတဲ့အခြေအနေတွေကတော့ ဆီးကြိတ်ကြီးခြင်းအတွက် သောက်နေရသောဆေးများ၊ တိုင်းရင်းဆေးများ၊ အချို့ဆေးဝါးများ ( သွေးကျဲဆေး၊ ကိုလက်စရောကျစေတဲ့ဆေးများ၊ ဆီးရွှင်ဆေးများ) စတာတွေပါပဲ။
ဒါကြောင့် PSA ပမာဏ ပုံမှန်မဟုတ်ခဲ့လျှင် တစ်လအကြာ နောက်တစ်ကြိမ် PSA ပမာဏ ပြန်စစ်ဆေးခြင်း၊ စအိုအတွင်းသို့ လက်ချောင်း နှိုက်စမ်းသပ်ခြင်း၊ အသားစယူခြင်း၊ လိုအပ်သော ဓာတ်မှန်များ နဲ့ အတည်ပြုဖို့ လိုပါတယ်။
ကာကွယ်ခြင်းနည်းလမ်း
ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးမယ့် ကာကွယ်ရေးနည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
- ကျန်းမာသော စားသောက်မှု ပုံစံကို ရွေးချယ်စားသုံးပါ။
- အာဟာရဖြည့်စွက်ဆေးများ အားကိုးမယ့်အစား ဟင်းသီးဟင်းရွက်များနဲ့သစ်သီးဝလံများ စားသုံးပါ။
- ရက်သတ္တပတ်မှာ ရက်အများစုက လှုပ်ရှားမှုများ ရှိနေပါစေ။
- ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
- ရောဂါလက္ခဏာများပေါ်လာသည့်နဲ့ အချိန်မရွှေ့ဆိုင်းဘဲ သက်ဆိုင်ရာ ဆရာဝန်ဆီ အမြန်ဆုံး ဆွေးနွေးကုသမှုခံယူပါ။
ရေးသားသူ - ဒေါက်တာ မေမြတ်